” ပီရူးတို့ရဲ့ အာလူးယဉ်ကျေးမှု “

Special gift အာလူး
================
ပီရူးလူမျိုးတွေအတွက် အာလူးက အစားအစာတစ်ခုဆိုတာထက်ကို ပိုမို တည်ရှိနေခဲ့ပြီး ရှေးဟောင်းအမွေအနှစ်အ‌ေနနဲ့ အမြစ်တွယ်နေခဲ့တာ နှစ်ပေါင်းထောင်ချီနေပါပြီ။ အာလူးတစ်မျိုးတည်းနဲ့ကို ရိုးရာဟင်းတွေအများကြီးချက်ပြုတ်ပြင်ဆင်ပြီး တည်ခင်းဧည့်ခံလေ့ရှိကြသလို မင်္ဂလာပွဲနှင့် အခြားပွဲအခမ်းအနားတွေမှာ special giftအနေနဲ့တောင် ပေးကြပါ‌ေသးတယ်။

အမျိုးအစားပေါင်း (၄၆၀၀)ကျော်ရှိ
============================
ပီရူးမှာဆိုရင် အာလူးတွေက အရောင်စုံ၊ အရွယ်အစားစုံ ကိုမှ အမျိုးအစားပေါင်းက (၄၆၀၀)ကျော်ရှိနေတဲ့အပြင် အရောင်အသွေးကလည်း အပြာရောင်၊ အဝါ‌ေရာင်၊ အနီ‌ေရာင်၊ ပန်းရောင်နဲ့ ခရမ်းရောင်တောက်တောက်တွေအထိကို ရှိ‌ေနပါတယ်။ အာလူးကို စားသံုးဖို့အပြင် အနာကုသဖို့၊ ရာသီဥတုခန့်မှန်းဖို့၊ ကလေးမွေးဖွားရလွယ်ကူစေရန်အတွက်ပါ ပညာသားပါပါ သုံးခဲ့ကြပါသေးတယ်။

ပီရူးရဲ့ National Potato Day
=======================
မေလ(၃၀)ရက်နေ့ကို “National Potato Day” (အများပြည်သူအားလပ်ရက်)အဖြစ် ၂၀၀၅ခုနစ်မှာ တရားဝင် ဥပဒေပြဠာန်းခဲ့ပါတယ်။ ပျော်ပွဲရွှင်ပွဲအခမ်းအနား‌ေတွနှင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြပြီး နိုင်ငံအနှံ့အပြားမှာ –
⚫အာလူးတွေ မျိုးစုံရောင်းတဲ့ ရိုးရာဈေးတန်းတွေ၊
⚫အာလူးနှင့်ပြုလုပ်ထားတဲ့ရိုးရာဟင်းတွေ တည်ခင်းတဲ့ စားသောက်ပွဲတွေ၊
⚫ရိုးရာဟင်းချက်သင်တန်းတွေ၊
⚫ကပွဲ၊ သီဆိုပွဲတွေအပြင်၊
⚫စားသောက်ဆိုင်တွေကလည်း အာလူးနှင့်ပတ်သက်တဲ့ဟင်းလျာတွေကို အထူးအနေနဲ့ အပြိုင်အဆိုင် ရောင်းချကြပါ‌တယ်။

သည်လိုနှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့ကြရတဲ့ အာလူးမျိုးစိတ်တွေကို ရေရှည်ထိန်းသိမ်းဖို့အတွက် Cuscoဒေသမှာ 90 sq km (35 sq mile) ရှိတဲ့ Potato Park ကြီးတည်ဆောက်ပြီး အမျိုးအစားကွဲပြားစုံလင်လှတဲ့ ဒေသမျိုးရင်း အာလူးတွေကို စိုက်ပျိုးပြုစုထားပါတယ်။